Home » News » “၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ်အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ”

“၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ်အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ”

“၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ်အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ”

GIFMaker.org_FPH6u9

ပြည် ၂၀၁၈ အောက်တိုဘာ ၁၅

    ၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ်အခြေခံပညာစာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို (၁၅-၁၀-၂၀၁၈) ရက်နေ့ နံနက် ၉ နာရီတွင် ပြည်မြို့ သီရိခေတ္တရာရတနာ မြို့တော်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားမူဝါဒကော်မရှင်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကောလိပ် ကျောင်းအုပ်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များ၊ တိုင်းခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စေတနာဖြင့် လုပ်အားပေး ဆောင်ရွက်ကြမည့် ပြည်တက္ကသိုလ်၊ ပြည်ပညာရေးကောလိပ်များမှ ကျောင်းသား ကျောင်းသူများ ဆရာဆရာမများနှင့် ပညာရေးမိသားစုများ တက်ရောက်ကြသည်။

  ရှေးဦးစွာ ပြည်တက္ကသိုလ် ကျောင်းသားကျောင်းသူများက “တို့အင်တို့အား” စာတတ်မြောက်ရေး သီချင်းဖြင့် သီဆိုဂုဏ်ပြု ဖွင့်လှစ်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဌာနပေါင်းစုံ ပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် ပြည်သူတို့၏လူနေမှုဘဝ ပိုမိုမြင့်မားရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် စာတတ်မြောက်ရေး လုပ်ငန်းစဉ်တွင် စာသင်သားများ စေတနာရှင် လုပ်အားပေးနည်းပြများနှင့် ကြီးကြပ်များ၏ လိုအပ်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်း ကူညီ ဆောင်ရွက်ပေးကြရန်နှင့် စာသင်သားအရေအတွက် တိုးလာပါကလည်း သက်ဆိုင်ရာသို့ အချိန်မီ စာရင်းပေးသွင်း ဆောင်ရွက်ကြရန် စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

     ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးတွင် သက်ကြီး စာတတ်မြောက်မှုနှုန်း မြင့်မားရေးနှင့် စဉ်ဆက်ပညာသင်ယူမှုကို အားပေးမြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခင်အခါက အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို နွေရာသီ ကာလတွင်သာ ဆောင်ရွက် ပေးနိုင်ခဲ့သော်လည်း ယခုအခါ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ တစ်ဆယ့်နှစ်ရာသီပတ်လုံး အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ စာတတ်မြောက်မှုနှုန်း နည်းပါးသော မြို့နယ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များက ညှိနှိုင်းသတ်မှတ်ပေးသော မြို့နယ်များ၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ဆောင်ရွက်ပေးရမည့် ဒေသတွင်းရှိမြို့နယ်များတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါက်ခေါင်း၊ ပေါင်းတည်၊ အုတ်ဖို၊ လက်ပံတန်းနှင့် သာယာဝတီ (၅)မြို့နယ်တွင် အောက်တိုဘာလ (၁၆) ရက်မှ နိုဝင်ဘာလ (၂၄)ရက်နေ့ အထိ ရက်ပေါင်း(၄၀)အတွင်း စာသင်ဝိုင်း(၁၉၈)ဝိုင်းမှ စာသင်သား(၂၁၁၇)ဦးအား စေတနာရှင် လုပ်အားပေးနည်းပြနှင့် ကြီးကြပ် (၄၁၆) ဦးတို့က သင်ကြာပေးသွားမည် ဖြစ်ပါကြောင်း၊ စာသင်သားများအား အရေး၊ အဖတ်၊ အတွက် သင်တန်းသုံးစာအုပ်များ အပြင် သင်တန်းပြီးသည့်အခါ ဆက်လက်ဖတ်ရှု လေ့လာနိုင်ရန်အတွက် စာဖတ်ရှိန် မြှင့်တင်ရေး ဘဝသာယာရေး ဝင်ငွေတိုး လုပ်ငန်းများဆိုင်ရာ စာစဉ်များကိုလည်း ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက် လုပ်ငန်း အောင်မြင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးကြသူများ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း စသည်ဖြင့် အမှာ စကားပြောကြားသည်။

     ထို့နောက် ပြည်ပညာရေးကောလိပ် ကျောင်းသား၊ ကျောင်းသူများက “ထာဝရမြန်မာ“ တိုင်းရင်းသား တေးသရုပ်ဖော်အကဖြင့် သီဆိုဂုဏ်ပြုကြသည်။ ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာဇော်ဝင်းက အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက “ယဉ်ကျေးမှုအစ ပျူအက“ ဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

     ထို့နောက် ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း ) (၅) မြို့နယ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများအတွက် ထောက်ပံ့ပစ္စည်းများအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးတို့က ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများက လက်ခံရယူကြသည်။

          ယင်းနောက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲတွင် ဂုဏ်ပြုဖျော်ဖြခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ အကအဖွဲ့များအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးကြသည်။

   ထို့နောက် ခင်းကျင်းပြသထားသော ပြခန်းများအား ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက လှည့်လည်ကြည့်ရှုကြသည်။

       ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ ရောက်ရှိကာ အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများ၊ ပညာရေးမိသားစုများနှင့်တွေ့ဆုံ၍ ပညာရေးအရည်အသွေး မြင့်မားရေး သင်ကြား သင်ယူရေးနှင့် စီမံခန့်ခွဲရေး ပိုမိုကောင်းမွန်ရေးအတွက် ဆွေးနွေးမှာကြားသည်။ ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။ ဆက်လက်၍ ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှုအား ကြည်ရှုစစ်ဆေးခဲ့သည်။

    ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ပြည်မြို့(ရုံးခွဲ)တွင် တိုင်းဒေသကြီးခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ပညာရေးကောလိပ် တည်ဆောက်ရေး စီမံကိန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။



Back